အေးချမ်းတဲ့ရာသီမှာ လေ့ကျင့်ခန်းလုပ်ဖို့ Moti ယူရအောင်
လေထုထဲမှာ အေးချမ်းတဲ့ အငွေ့အသက်လေး ရလာပြီဆိုတာနဲ့ လူအများစုက လှုပ်ရှားရမှာပျင်းလာပြီး ကိုယ့်နေအိမ်၊ အိပ်ခန်း၊ ကုတင်မှာပဲ ငြိမ်ငြိမ်သက်သက်လေး နေလိုက်တတ်ကြပါတယ်။ ဒီအတွက်ကြောင့်လည်း မိုးတွင်း၊ ဆောင်းတွင်းကာလတွေမှာ လူအများစုက Gym သွားတာ၊ လေ့ကျင့်ခန်းလုပ်တာမျိုး တော်တော်လေးရှားသွားပြီး အိမ်တွင်း ပိုအောင်းလေ့ရှိပါတယ်။
အေးမြတဲ့ ရာသီဥတုတွေမှာ လေ့ကျင့်ခန်းမလုပ်ဘဲ အိမ်တွင်းအောင်းတာ များသွားပြီဆိုရင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအနေနဲ့ -
- နှလုံးက ခန္ဓာကိုယ်တွင်းအင်္ဂါတွေ ပုံမှန်ထက် အလုပ်လုပ်နိုင်ဖို့အတွက် သာမန်ပူနွေးတဲ့အချိန်တွေထက် ပိုအလုပ်လုပ်ရပါတယ်။ ဒီအခါမှာ နှလုံးသွေးကြောတွေက ပုံမှန်ထက်ကျဉ်းပြီး သွေးလည်ပတ်စီးဆင်းနှုန်း ကျဆင်းသွားနိုင်ပါတယ်။
- အိမ်ထဲမှာပဲ ငြိမ်ငြိမ်လေးနေတဲ့အခါ ကြွက်သားတွေက လှုပ်ရှားမှုမရှိတော့ဘဲ တင်းမာပြီး ညောင်းညာကိုက်ခဲနေနိုင်ပါတယ်။ အပူရှိန်ဟာ ကြွက်သားတင်းမာမှုကို ပြေလျော့စေသလို သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ အအေးရှိန်ကတော့ ကြွက်သားကို ပိုပြီး တင်းမာစေတာ သဘာဝပါပဲ။ ဒီလိုဖြစ်လာပြီဆိုရင် ထိခိုက်ဖို့ လွယ်ကူရုံတင်မကဘဲ လှုပ်ရှားလုပ်ကိုင်နိုင်စွမ်းတွေပါ သိသိသာသာ ကျဆင်းသွားနိုင်ပါတယ်။
- အိမ်တွင်းအောင်းပြီဆိုရင် လှုပ်ရှားမှုနည်းသွားတဲ့အတွက် ခန္ဓာကိုယ်ရဲ့ ကယ်လိုရီလောင်ကျွမ်းနှုန်း သိသိသာသာ ကျဆင်းသွားတဲ့အပြင် အဆီ၊ အချိုဓာတ် စားသုံးမှုကလည်း ပိုများလာနိုင်ပါတယ်။ ဒီအခါ ခန္ဓာကိုယ်က အဝလွန်ပြီး အာဟာရမပြည့်ဝတာ၊ ဆီးချို၊ သွေးတိုးနဲ့ တခြားရောဂါတွေပါ ဖြစ်လာနိုင်တဲ့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကလည်း နှေးကွေးသွားနိုင်ပါတယ်။
ဒါကြောင့် တတ်နိုင်သလောက် အေးတဲ့ရာသီကာလမှာ လေ့ကျင့်ခန်းလုပ်ကြဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလို လေ့ကျင့်ခန်းလုပ်ဖို့ ကိုယ့်ကိုယ်ကို Moti ပြန်ယူတဲ့အခါမှာ ဒါတွေကို လုပ်ပေးဖို့ အကြံပေးချင်ပါတယ်ခင်ဗျာ။
- ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ လေ့ကျင့်ခန်းစလုပ်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကို ပြန်သတိရပေးပါ။ ကိုယ်က ကျန်းမာရေးအတွက်ဖြစ်စေ၊ အလှအပအတွက်ဖြစ်စေ လေ့ကျင့်ခန်းလုပ်ခဲ့တာဖြစ်လို့ ရာသီဥတုအေးတာ တစ်ခုတည်းနဲ့ ကိုယ်လေ့ကျင့်ခန်းလုပ်ခဲ့တဲ့ Progress တွေကို အလဟဿ အဆုံးရှုံးမခံပါနဲ့။
- လေ့ကျင့်ခန်းစလုပ်တဲ့အချိန် အစားအသောက်၊ အနေအထိုင်နဲ့ပတ်သက်ပြီး ဆင်ခြင်သင့်တာတွေ၊ ရှောင်ကြဉ်ရတာတွေ၊ စားချင်၊ လုပ်ချင်လျက်နဲ့ မလုပ်နိုင်ခဲ့တာတွေကို ပြန်သတိရပါ။ ဒီရာသီကာလမှာ ကိုယ်လေ့ကျင့်ခန်းမလုပ်ဘူးဆိုရင် ဒီလိုကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်သွားပြီး အစကနေပြန်စတဲ့အခါ ကိုယ့်အတွက် ပိုပြီး ဒဏ်ခံရနိုင်ပါတယ်။
- လိုအပ်လာရင် လေ့ကျင့်ခန်းလုပ်တဲ့ Schedule ကို အဆင်ပြေသလို ပြောင်းလဲပါ။ အကယ်လို့ ညဘက်တွေမှာ အိမ်မှာပဲ အေးအေးဆေးဆေး နားနေချင်တယ်ဆိုရင် မနက်ဘက်စောစော လေ့ကျင့်ခန်းထွက်လုပ်ပါ။ ကိုယ်နေတဲ့ဒေသက မနက်ဘက် အရမ်းအေးလွန်းလို့ လှုပ်ရှားရအဆင်မပြေဘူးဆိုရင် ညနေဘက်ကို လေ့ကျင့်ခန်းပြောင်းလုပ်ပါ။
- ကိုယ်နဲ့ ဝါသနာတူ လေ့ကျင့်ခန်းလုပ်နေကျ ဘော်ဒါ၊ အပေါင်းအသင်းတွေနဲ့အတူချိတ်ပြီး Gym အတူသွားတာ၊ ဆုံရပ်တစ်နေရာမှာ အတူဆုံတွေ့ပြီး လေ့ကျင့်ခန်းလုပ်ရင်း ပျော်ပျော်ပါးပါး ရယ်မောစကားပြောဆိုတာမျိုး လုပ်ပေးနိုင်ပါတယ်။
- အကယ်လို့ အိမ်အပြင်ဘက်မှာ အရမ်းအေးတယ်ဆိုရင် ကိုယ့်အိမ်ထဲမှာပဲ အလေးတုံးဝယ်ပြီး လေ့ကျင့်ခန်းလုပ်ပေးနိုင်ပါတယ်။ အိမ်ထဲမှာ လေ့ကျင့်ခန်းလုပ်တာဖြစ်လို့ ထိရောက်မှုနည်းနိုင်တယ်လို့ ထင်ရပေမယ့် တကယ်တမ်း Gym မသွားဘဲ ကိုယ့်ဖာသာ လေ့ကျင့်ခန်းလုပ်ရင် စိတ်ပျံ့လွင့်မှုနည်းပြီး လေ့ကျင့်ခန်းကို ပုံမှန်ထက် ပိုအာရုံစိုက်နိုင်မှာပါ။
ဒီတော့ တဖြည်းဖြည်းနဲ့ ပိုအေးလာတဲ့ ရာသီအကူးအပြောင်းမှာ ကိုယ့်ကျန်းမာရေးကို ရှေးရှုပြီး လေ့ကျင့်ခန်းလုပ်ဖို့ မပျင်းဘဲ ပုံမှန်ထက်ပိုပြီး အားစိုက်ထုတ်ရင်း လေ့ကျင့်ခန်းလုပ်ကြဖို့ တိုက်တွန်းလိုက်ပါရစေခင်ဗျာ။
ရဲမျိုးမြတ်